ထိုင်နိုင်ငံရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဓာတ်ပုံပြပွဲ ဘန်ကောက်မြို့၌ ပြသနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူနေမှုဘဝတွေကို ထင်ဟပ်စေနိုင်ဖို့ ရည်ရွယ်တဲ့ ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangkok Art & Culture Center (BACC) မှာ မေလ ၁၄ ရက်ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်နေပါတယ်။

ဒီပြပွဲကို SEA Junction ဆိုတဲ့ NGO အဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကနေ ထိုင်းနိုင်ငံ ပင်လယ်ငါးလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသထားတာပါ။

ဒီပွဲကို ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က တာဝန်ရှိသူအပါအဝင် အလုပ်သမားအရေး ကူညီပေးသူတွေ တက်ရောက်ခဲ့ကြပြီး ရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိရှိပြီး၊ အခွင့်အရေး ပိုမိုရရှိနိုင်ဖို့ ထိုင်းနိုင်ငံအစိုးရနဲ့ လုပ်ငန်းရှင်တွေ အပါအဝင် နိုင်ငံတကာအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်သင့်တယ်ဆိုတာကို အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများကြီး ရောက်ရှိလာပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများလာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က RFA ကို ပြောပါတယ်။

“ဒီနှစ်ထဲမှာပဲ စစ်မှုမထမ်းမနေရ ဥပဒေတို့ လူငယ်တွေ နိုင်ငံခြားအလုပ်ထွက်လုပ်လို့ မရဘူးလို့ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထွက်လာချိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို ပိုပြီးရောက်လာတယ်။ အခုကတော့ တရားမဝင်တဲ့ အလုပ်သမားတွေ ပိုများလာတာကို တွေ့ရတယ်။ သုံးနှစ်အတွင်းမှာ သိသိသာသာ ခါတိုင်းလာတာထက် အနည်းဆုံး နှစ်ဆ၊ သုံးဆလောက် ပိုများလာတယ်။ အခုက ရွှေ့ပြောင်းအလုပ်သမားအရေးက ခါတိုင်းနဲ့ မတူတော့ဘူး။ နောက် ဒီထက်မကဆိုးလာနိုင်တဲ့ အခြေအနေမျိုးတွေရှိလာတယ်”

လက်ရှိမှာ ထိုင်းနိုင်ငံ ဖူးခက်၊ ကန်ချနဘူရီ၊ ဖန်ငတို့မှာ ငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနဲ့ကမ္ဘောဒီးယားက ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သိန်းနီးပါး ရှိတယ်လို့ Sea Junction အဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်း လှေလုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (HRDF)က မခင်နှစ်ဆန်း က
ပြောပါတယ်။

“လှေလုပ်သားတွေနဲ့ပတ်သက်ပြီး လှေလုပ်သားတွေဟာ ဥပဒေကသတ်မှတ်ထားတဲ့အတိုင်း စာရွက်စာတမ်းစုံမှ လှေဆင်းရမယ်ဆိုတာထက် အဲဒီကြားထဲမှာကို အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိလာတယ်။ စာရွက်စာတမ်း သိမ်းဆည်းခံရတာတွေ၊ သူဌေးက ပျောက်ရှမှာစိုးလို့ဆိုပြီး အကြောင်းပြချက် ပေးပြီး သိမ်းထားတယ်။ တစ်ခါတစ်လေ အလုပ်သမားတွေကို ATM ကတ်နဲ့ ပိုက်ဆံရှင်းရပေမဲ့ အလုပ်သမားတွေက မကိုင်ရတာများတယ်။ အဲဒီမှာ အလုပ်သမားတွေက ရသင့်သလောက်ပဲရတယ်။ အပြည့်အဝမရဘူး”

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (HRDF) ဆီ တစ်လကို အမှုသုံးခုလောက် လာရောက်တိုင်တန်းတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ စာရွက်စာတမ်း သိမ်းဆည်းခံရတာ၊ လုပ်အားခ မရတာ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရတာတွေကို အလုပ်ရှင်ဘက်ကနေ မဖြေရှင်းပေးတာ၊ လုပ်ငန်းခွင်မှာ အသက်ဆုံးရှုံးသွားတာစတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၈ သန်းရှိပြီး အခု ခုနစ်သန်းကျော်နေပြီလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

Source : https://www.rfa.org/burmese/multimedia/migrant-photo-exhibition-05142024145127.html