စစ်အာဏာသိမ်းမှုအောက်က ပညာရေး

အရင်သင်ကြားလေ့လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ဟာဆိုရင် စစ်တပ်က သူတို့ပြောသမျှ အဆင်ပြေ အရာရောက်ဖို့အတွက် စနစ်တကျ ရေးဆွဲထားတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်းများနှင့် သွေဖီနေခြင်း၊ ဖြစ်ရပ်မှန်များနှင့်ကွဲလွဲနေခြင်း၊ ခွဲခြားဆက်ဆံမှုများ စသည့်အကြောင်းအရင်းခံများကြောင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပညာ‌‌ရေးကို သပိတ်မှောက်ရခြင်း နောက်တစ်ခုကတော့ စစ်အာဏာရှင်တွေဟာ ထောင်ပေါင်းများစွာသော ကျောင်းသား/သူ တွေကို သတ်ခဲ့တဲ့အပြင် အခုဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ဗျူရိုကရေစီ ယန္တရားကြီး လည်ပတ်ဖို့အတွက် အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့်တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်စေခဲ့ပါတယ်။ ကျွန်တော်ကတော့ သွေးစွန်းထားတဲ့လက်တွေနဲ့ တံခါးဖွင့်ကြိုဆိုနေတဲ့ ကျောင်းတွေကို ပြန်လည်တက်ရောက်မှာမဟုတ်ပါဘူး။