အမည် | စစ်အာဏာသိမ်းမှုအောက်က ပညာရေး
|
ရေးသားသူ | CDM ကျောင်းသူ |
ရေးသားသည့်ခုနှစ် | ၂၀၂၁ |
ကျွန်တော်ကတော့ အသက်(၁၇)နှစ်အရွယ် အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်က အခြေခံပညာ ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌတာဝန်ကို ယူထားပါတယ်။ အရင်သင်ကြားလေ့လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ဟာဆိုရင် စစ်တပ်က သူတို့ပြောသမျှ အဆင်ပြေ အရာရောက်ဖို့အတွက် စနစ်တကျ ရေးဆွဲထားတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်းများနှင့် သွေဖီနေခြင်း၊ ဖြစ်ရပ်မှန်များနှင့်ကွဲလွဲနေခြင်း၊ ခွဲခြားဆက်ဆံမှုများ စသည့်အကြောင်းအရင်းခံများကြောင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပညာရေးကို သပိတ်မှောက်ရခြင်း နောက်တစ်ခုကတော့ စစ်အာဏာရှင်တွေဟာ ထောင်ပေါင်းများစွာသော ကျောင်းသား/သူ တွေကို သတ်ခဲ့တဲ့အပြင် အခုဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ဗျူရိုကရေစီ ယန္တရားကြီး လည်ပတ်ဖို့အတွက် အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့်တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်စေခဲ့ပါတယ်။ ကျွန်တော်ကတော့ သွေးစွန်းထားတဲ့လက်တွေနဲ့ တံခါးဖွင့်ကြိုဆိုနေတဲ့ ကျောင်းတွေကို ပြန်လည်တက်ရောက်မှာမဟုတ်ပါဘူး။
ကျွန်တော့် မိဘတွေကတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပီး ကျွန်တော်လုပ်နေတာတွေကို သဘောတူ ခွင့်ပြုပေးတာမဟုတ်ပါဘူး။ လုံခြုံရေး အကြောင်းပြချက်နဲ့ စိတ်ပူကြပါတယ်။ အိမ်ရှိတံခါးပေါက်အားလုံးကို ပိတ်တာတွေ၊ ကျွန်တော့ဖုန်းကို သိမ်းယူသွားတာတွေ၊ ကျွန်တော့်ကို ၂၄ နာရီမပျက် စောင့်ကြည့်တာတွေ၊ စတဲ့အရာအားလုံးကို ကျွန်တော့်မိဘတွေလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော့် ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကိုတော့ သူတို့လှောင်ပိတ်လို့ မရခဲ့ပါဘူး။ ခြံစည်းရိုးပေါ်က ခုန်ချပီး အိမ်က ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ကျွန်တော့်မိဘတွေက ကျွန်တော်လုပ်ချင်တာတွေကို ခွင့်ပြုခဲ့ရပါတော့တယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့အသိတရား၊ ကိုယ်ကျင့်တရား၊ ယုံကြည်ချက်တွေနဲ့အတူ ကျွန်တော် CDM လုပ်ခဲ့ပါတယ်။
အာဏာမသိမ်းခင်တုန်းကတော့ ကျွန်တော်က တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပြီး ကျွန်တော်အရမ်းလေ့လာချင်တဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက္ကသိုလ်မှာ ဆည်းပူးလေ့လာဖို့ ရည်ရွယ်ထားခဲ့တာပါပဲ။ အဲဒါပီးရင်တော့ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုတွေကို အားပေးဖော်ဆောင်ဖို့ နိုင်ငံရေးလုပ်မယ် ဆိုပြီး စဉ်းစားထားခဲ့တာပါ။
ကျွန်တော်ရဲ့ အနာဂတ်ပညာရေးကတော့ ၁) နိုင်ငံရပ်ခြားရဲ့လွှမ်းမိုးမှုကင်းမဲ့ရမယ်၊ (၂)ပြည်သူတွေကို ကိုယ်စားပြုရမယ်၊ (၃) သိပ္ပံနည်းကျ လေ့လာမယ်။ ကျွန်တော်တို့ရဲ့ ပညာရေးဟာ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးတမ်းတွေကို လေးစားပြီး အဲဒီရိုးရာတွေကိုအကာအကွယ်ပေးနိုင်ရမယ်။ ကျွန်တော်တို့ရဲ့ ပညာရေးဟာ လွတ်လပ်ပီး ဒီမိုကရေစီ နည်းလမ်းကျ သင်ယူနိုင်တဲ့ ပညာရေးဖြစ်ရမယ်။
အနာဂတ်လူငယ်တွေကို မဟုတ်တာမှန်သမျှကို တွန်းလှန်ချင်တဲ့စိတ်တေ ထည့်ပေးမယ်။ အခုအချိန်က တော်လှန်ရေး အချိန်ဖြစ်တဲ့အတွက် ပညာရေးကိုယ်တိုင်က တော်လှန်ပညာရေးပဲ ဖြစ်သင့်ပါတယ်။ ဒီလို တော်လှန်ပညာရေးကို အကောင်အထည်ဖော်ဖို့ဆိုရင် ကျွန်တော်တို့ဟာ သမိုင်းအဆက်ကဆက်က တော်လှန်ခဲ့ကြတဲ့ ကျောင်းသား၊အလုပ်သမား၊တောင်သူလယ်သမားတွေရဲ့ အကြောင်းတွေကို ဖြန့်ဝေပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က အခြေခံပညာ အထက်တန်း ကျောင်းသားတစ်ယောက် ဖြစ်တဲ့အတွက် သမိုင်းတစ်လျှောက် အခြေခံပညာကျောင်းသား/သူတွေရဲ့ စွန့်လွှတ်ခဲ့တာတွေကို လေ့လာမယ်။
အာဏာမသိမ်းခင် ပညာရေးနဲ့ အာဏာသိမ်းပီး ပညာရေး ကွာခြားသွားမှာတွေကတော့ အာဏာမသိမ်းခင်က စစ်ကျွန်ပညာရေးဖြစ်ပီးတော့ နောက်ပိုင်းပညာရေးကတော့ တော်လှန်ပညာရေး ဖြစ်ပါလိမ့်မယ်။ စစ်ကျွန်ပညာရေးဆိုတာ စစ်အာဏာရှင်တွေ ပုံဖော်ရေးဆွဲထားတဲ့ ပညာရေးဖြစ်ပြီးတော့ တော်လှန်ပညာရေးကတော့ မတရားမှုကို တော်လှန်ခဲ့ကြတဲ့ သမိုင်းတွေ၊ အချက်အလက် တွေကနေ အခြေခံပြီး ဖြစ်ပေါ်လာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ ဒီတော်လှန်ရေးကို ပါဝင်ဆင်နွှဲရာမှာ ကြုံတွေ့ရတဲ့ ဓိက အခက်အခဲကတော့ ကျွန်တော်ရဲ့မိဘတွေကို လက်ခံလာအောင်ပြောဆိုရတာပါပဲ။ မြန်မာပြည်ရဲ့ အထက်တန်းကျောင်းသူ/သားများဟာ မိဘအုပ်ထိန်းမှုအောက်မှာရှိနေတာကြပါတယ်။ အဲဒါကြောင့် မိဖကို ဆန့်ကျင်ပြီး ပြောဆိုနေရတာတွေဟာ ကျွန်တော်တို့လို အထက်တန်းကျောင်းသား တော်လှန်လူငယ်များအတွက်ကတော့ အကျပ်ရိုက်စေပါတယ်။
နောက်ထပ်ကြုံတွေ့ရတဲ့ အခက်အခဲကတော့ လူတွေက ကျွန်တော်တို့လို အခြေခံပညာ အထက်တန်းကျောင်းသားတွေရဲ့ အသံတွေကို အသိအမှတ်ပြုဖို့ တွန့်ဆုတ်တွေဝေနေကြတာပါပဲ။ အာဏာသိမ်းခံရပြီး ဆန္ဒပြကြတဲ့အခါ ကျွန်တော်တို့မြို့မှာရှိတဲ့ သပိတ်ကော်မတီတွေနဲ့ဆက်သွယ်ပြီး ဦးဆောင်ဦးရွက်ပြုဖို့ လုပ်တဲ့အခါ ကျွန်တော့်ကို ဘယ်သူမှ အလေးမထားကြပါဘူး။ အာဏာသိမ်းခံရပြီး ၂- ၃ရက် အထိ ကျွန်တော်တို့ဒေသက တက္ကသိုလ်ကျောင်းသူ/သား တွေဟာ “အာဏာသိမ်းပြီး ၇၂ နာ၇ီအထိ ဘယ်သူကမှ အသိအမှတ်မပြုရင် အာဏာသိမ်းတာ အထမမြောက်ဘူး”ဆိုတဲ့ ကောလဟလ စကားတွေက်ု ယုံနေကြတာပါပဲ။ ကျွန်တော်တို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့မယ်ဆိုရင် စစ်အာဏာရှင်လိုချင်နေတဲ့ “ဆန္ဒတွေပြလို့ ဆူပူအုံကြွလို့ ဒီမိုကရေစီ ပြန်မပေးတာ” ဆိုတဲ့လမ်းကြောင်းပေါ် ကျွန်တော်တို့ ရောက်သွားမယ်ဆိုပြီး ယုံနေတာပါပဲ။ ကျွန်တော် သူတို့ဆိသွာပြီး ဆန္ဒပြဖို့ လူစုဖို့ပြောတဲ့အခါ “မင်း… ကလေးပဲ ရှိသေးတယ်…နိုင်ငံရေးအကြောင်း သိတာ မဟုတ်ဘူး။ ….ငါတို့လို အတွေ့အကြုံရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေတောင် ထိုင်နေတာပဲ” လို့ပြောပြီး ကျွန်တော့်ကို နှိမ်တဲ့အကြည့်တွေ ကြည့်ကြတာဟာ ကျွန်တော်ရဲ့ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်နေတဲ့ မခံချင်စိတ်၊ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ဒါပေမယ့် အဲဒီကျွန်တော်ရဲ့ တော်လှန်လိုစိတ်ကတော့ မြူတစ်မှုံစာတောင် မလျော့သွားပါဘူး။
ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ
SEA Junction
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ ကျောင်းသားများနှင့် ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် လက်ခံတွေ့ဆုံ မျှဝေပေးလျှက်ရှိပါသည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း၊ Facebook, Twitter, Instagramတို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Asia Justice and Rights (AJAR)
Asia Justic and Rights (AJAR)သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးများကို အလေးထားအားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဉပဒေမဲ့ပြစ်မှုကျူးလွန်ထားသော်လည်း တရားမဲ့ကင်းလွတ်ခွင့်ရနေသူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရေး ပါ၀င်ကူညီရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိလာစေရေး၊ တရားမျှတာမှုရရှိအောင်ဆောင်ရွက်မှု၊ ထပ်တလဲလဲကျူးလွန်ခြင်းများမှ ကာကွယ်ရန် ယဉ်ကျေးသော အသိုက်အ၀န်း တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခင်က အခြေခံလူအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ပြီး ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် နိုင်ငံများတွင် အဓိကထားလုပ် ဆောင်လျှက်ရှိသည်။ Asia Justic and Rights (AJAR) အကြောင်းပိုမို သိရှိလိုပါက https://asia-ajar.org/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။