မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခံရပြီးနောက် နေ့စဉ်ဘဝဖြတ်သန်းနေရပုံများကို ရေးသားထားသော ကိုယ်တိုင်ရေး ဒိုင်ယာရီများ
ဆောင်းပါးခေါင်းစဉ် | အာဏာသိမ်းပြီး တစ်နှစ်အကြာ |
စာရေးသူ | အမည်မဖော်လိုသူ |
ရက်စွဲ | ၂၀၂၂ |
သူငယ်ချင်းအချင်းချင်း၊အပေါင်းအသင်းအချင်းချင်း လမ်းတွေ့ကြတဲ့အခါ….နှုတ်ဆက်နေကျ စကားလုံးက “ဟေ့ကောင်….မင်းဘာလုပ်နေလဲ”….တဲ့။ သမားရိုးကျစကားလေးတစ်ခွန်းပါပဲ။ အလာပ္ပသလ္လာပ စကားလေးတစ်ခွန်းပါပဲဗျ။ဒါပေမယ့် ကျွန်တော်တို့ စကားမှာတော့ အဓိပ္ပါယ်တွေ အများကြီးပါပါတယ်။ မင်းအဆင်ပြေရဲ့လား မမေးရက်ကြဘူး။ မင်းဘယ်လိုစားနေလဲ မမေးရဲကြဘူး။ သူ့ကိုယ်မကယ်နိုင်၊ ကိုယ့်သူမကယ်နိုင်ဘဝတွေမို့။ ကျွန်တော်တို့က CDM ဝန်ထမ်းတွေပါ။
ဘာလိုလိုနဲ့လို့ ပြောမထွက်ပေမယ့် အခက်အခဲပေါင်းစုံကို ကျော်ကြဖြတ်ကြရင်း တစ်နှစ်ဆိုတဲ့ အချိန်ကာလကို လွန်မြောက်လာခဲ့ပါပြီ။ ဒုက္ခတွေက သူ့ဆီသွားလိုက် ကိုယ့်ဆီလာလိုက်နဲ့ လူလုံးမလှဘဲ ဟောဒီတစ်နှစ်ဆိုတဲ့ အချိန်ကာလကို ကျော်ဖြတ်ခဲ့ရပါပြီ။ ပန်းရံ၊ လက်သမား၊ သံလက်ကိုင်၊ ဥယျာဉ်မှူး၊ ကလေးထိန်း၊ ဈေးရောင်း၊ ကယ်ရီလိုက်နဲ့ ဆိုက်ကားနင်း စတဲ့ ကြုံရာအလုပ်တွေက ကျွန်တော်တို့ စီမံအုပ်ချုပ်ရေးမှူးဌာနကလူတွေနဲ့ လားလားမှမသက်ဆိုင်ပေမယ့်လည်း အခုတော့ CDM ဝန်ထမ်းတို့ ကျင်လည်ရာ အဝန်းအဝိုင်းလေးဖြစ်နေပါပြီ။
အလုပ်မရှိတဲ့နေ့ရက်တွေရဲ့ မနက်ခင်းတွေဆိုရင် ဝီရိယနဲ့စောစောထလို့ လက်ဖက်ရည်ဆိုင်မှာဆုံ၊ မင်းအဆင်ပြေရင် ငါ့လည်းခေါ်ပါဦးလို့ မျက်နှာကိုဟိုးအောက်ဆုံးထိချလို့ သိပ်မခင်တဲ့သူငယ်ချင်း၊ လက်အောက်ငယ်သားပါမကျန် စကားမရှိ စကားရှာလို့၊ အပူရုပ်ကိုလည်း ဟန်မလုပ်အားပဲ ခေါ်မယ့်သူတွေများရှိရင်…မလိုလဲ လိုလဲ အိမ်မှာပြင်ထားခဲ့တဲ့ ထမင်းထုတ်ကလေးကို အိမ်ပြန်ယူလို့ သူငယ်ချင်းနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ရတဲ့ မနက်ခင်းပေါင်းလည်း မနည်းတော့ပါဘူး။ သူငယ်ချင်းတွေကတော့ ပြောပါတယ်။ မင်းအလုပ်လိုတော့ နေလုံမိုးလုံတော့ အခန်းထဲထိုင်မနေရဘူးနော်၊ မင်းလုပ်နိုင်ပါမလားတဲ့၊ ဖြစ်လာတဲ့ဘဝမှာ လွတ်လပ်ရေးဆိုတဲ့ မျှော်လင့်ခြင်းရောင်ခြည်တွေ ပျို့မလာသေးသရွေ့ ကျွန်တော်တို့သူငယ်ချင်းတစ်စုသည် အဆုံးထိ CDM ပါ။
တစ်ယောက်ကိုတစ်ယောက်ဖေးမမယ်။ နှုတ်အားဖြင့် သော်လည်းကောင်း၊ ကိုယ်အားဖြင့် သော်လည်းကောင်းပေါ့။ ပြည်သူမှာ ပြည်သူပဲရှိတဲ့ ဒီလိုအချိန်မှာ ကျွန်တော်တို့စိတ်တွေခိုင်မာဖို့၊ တည်မြဲဖို့ဆက်ပြီးချီတက်ဖို့လိုမယ်။ ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ CDM တံတိုင်း ဘယ်သူမှဖြိုခွင်းလို့မရကြောင်း ကျွန်တော့်ရဲ့ဒီစာကို ဖတ်မိသူ CDM အပေါင်းပါပူးပေါင်းပေးကြရင်တော့ ဝမ်းသာမိမှာပါ။
ခုလို မတရား စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ပြည့်ပြီးချိန်ထိ ကျွန်တော်တို့တွေဟာ လူမှုအခက်အခဲ စိတ်ဓာတ်ရေးရာ ထိုးစစ်ဆင်မှုပေါင်းစုံကို ခံစားရပေမယ့် မယိုင်မလဲ စိတ်ဓာတ်နဲ့ မတရားစစ်တပ်အောက်မှာ အလုပ်မလုပ်လိုတဲ့ ဘဝတူ CDMဝန်ထမ်းအားလုံးကို တိုက်တွန်းပါတယ်။ ကျွန်တော်တို့နဲ့ တစ်သားတည်းရှိနေပေးပါ။ အဆုံးထိ CDM ပြုလုပ်ဖို့ စိတ်ခိုင်မာပေးကြပါ။
ကျွန်တော်လည်း ပြတ်တစ်လှည့်၊ လပ်တစ်လှည့်၊ ငတ်တစ်လှည့် ပန်းရံနေ့စားဘဝလေးမှာ အဆက်ပြေမနေပါဘူး။ သို့သော်….ဆက်လက်ချီတက်နေဦးမှာပါ။ မယိုင်မလဲခိုင်ခိုင်မြဲတဲ့စိတ်နဲ့ ညီအစ်ကိုတို့လည်း ကျွန်တော့်လို ကြွေသွားပြီးတဲ့အသက်ပေါင်းများစွာကို အားနာသနားငဲ့ညှာ ထောက်ထားသောအားဖြင့် ဆက်လက်ချီတက်ကြပါစို့။ မျှော်မှန်းထားတဲ့ လွတ်လပ်ရေးမရမချင်း ဆက်လက်ပြီး ချီတက်ကြပါစို့။
ဤစာစုအား art4cdm facebook page တွင်ရေးသားဖော်ပြထားပြီးဖြစ်ပါသည်။ art4cdm သည် Civil Disobedience Movement (CDM) တွင် ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်းများအတွက် လုံခြုံစိတ်ချရတဲ့ ပံ့ပိုးစောင့်ရှောက်မှုပေးနေတဲ့ online community တစ်ခုဖြစ်ပါတယ်။ CDM ဝန်ထမ်းများကို နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ဝတ္ထုတိုများ၊ စာစီစာကုံးများနဲ့ ကဗျာများအဖြစ်ရေးသားစေပြီး ငွေကြေးကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ Art4CDM အကြောင်း အသေးစိတ် သိရှိလိုပါက ၎င်းတို့၏ WordPress, Facebook, Instagram နှင့် Youtube တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ
SEA Junction
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ ကျောင်းသားများ ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် ဆောင်ရွက်ပေးလျှက်သည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင် Facebook, Twitter, Instagramတို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Asia Justic and Rights (AJAR)
Asia Justic and Rights (AJAR)သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးများကို အလေးထားအားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဉပဒေမဲ့ပြစ်မှုကျူးလွန်ထားသော်လည်း တရားမဲ့ကင်းလွတ်ခွင့်ရနေသူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရေး ပါ၀င်ကူညီရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိလာစေရေး၊ တရားမျှတာမှုရရှိအောင်ဆောင်ရွက်မှု၊ ထပ်တလဲလဲကျူးလွန်ခြင်းများမှ ကာကွယ်ရန် ယဉ်ကျေးသော အသိုက်အ၀န်း တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခင်က အခြေခံလူအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ပြီး ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် နိုင်ငံများတွင် အဓိကထားလုပ် ဆောင်လျှက်ရှိသည်။ Asia Justic and Rights (AJAR) အကြောင်းပိုမို သိရှိလိုပါက https://asia-ajar.org/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။