Title: |
စစ်တပ်ဖိနှိပ်မှုနှင့် ကရင်နီပြည်နယ်ရှိ ခုခံတော်လှန်ရေးအဖွဲ့များ |
ဓါတ်ပုံ |
တာမွေ |
ရက်စွဲ: |
ဒီဇင်ဘာ ၂၀၂၂ |
ဖေဖော်ဝါရီ ၁၊ ၂၀၂၁ခုနှစ်တွင် မြန်မာစစ်တပ်သည် ရွေးကောက်ခံ ဒီမိုကရေစီအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းလိုက်သောအခါ ဆယ်စုနှစ်တစ်ခုစာ နိုင်ငံရေးနဲ့ လူမှုရေးတိုးတက်မှုများသည်လည်း ညတွင်းချင်း ပြိုကွဲသွားပါတော့သည်။ ကရင်နီလူထုသည် စစ်အာဏာသိမ်းခြင်းကို သဘောမတူကြောင်းအား ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။ လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်နှိမ်နင်းမှုနှင့် ဆန္ဒပြသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရှိလာသောအခါ ကရင်နီလူငယ်ထုသည် လမ်းမများပေါ်တွင် အတားအဆီးများချပြီး စတင်ခုခံကြရာမှတစ်ဆင့် နောက်ဆုံးတွင် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင်လမ်းစဥ်ကို လျှောက်ခဲ့ကြပါတော့သည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ ကယန်းအမျိုးသမီးများအစည်းအရုံးနဲ့ ကယားပြည်နယ်ငြိမ်းချမ်းရေး စောင့်ကြည့်ကြပ်မတ်ရေးကွန်ယက်တို့က ထုတ်ဝေတဲ့ “How Can We Survive in the Future” အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်သည် မေလ ၂၀၂၁ မှ စက်တင်ဘာ ၂၀၂၂ အတွင်း ကရင်နီပြည်နယ်၌ နေအိမ် ၁,၁၉၀ လုံး၊ ဘာသာရေးအဆောက်အဦး ၃၃ ခုနဲ့ ဆေးခန်း ၄ ခုတို့ကို မီးရှို့ဖျက်ဆီးခြင်း၊ ဂျက်တိုက်လေယာဥ်များဖြင့် တန်ချိန်မြင့်ဗုံးများ ကြဲချဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
စစ်တပ်၏ ဖြိုခွဲမှုကြောင့် မြို့ပေါ်ဆန္ဒပြသူ လူငယ်အများစုသည် အမျိုးသားညီညွတ်ရေးအစိုးရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပီဒီအက်ဖ်) မှာ ပါဝင်ရန်အတွက်
မြန်မာပြည်အစွန်အဖျားရှိ တောတောင်တွေဆီ တိမ်းရှောင်ခဲ့ရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံကိုယ်စားလှယ်များပါဝင်ပြီး ပြည်သူလူထုတရပ်လုံးမှ မြန်မာပြည်၏ တရားဝင်အစိုးရအနေဖြင့် လက်ခံထားကြပါသည်။ မြန်မာပြည်၏ နယ်စပ်ဒေသအများစုသည် ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရပြီး ဒေသခံလူမျိုးစုများသည်လည်း စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပါသည်။ တောတောင်များနှင့် ဝန်းရံထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များသည် မျိုးဆက်သစ် ဗမာလွတ်မြောက်ရေးသမားများအတွက် အကောင်းဆုံး လေ့ကျင့်ရေးကွင်းများ ဖြစ်လာပါသည်။
ယခု ကရင်နီပြည်နယ်ဟုခေါ်သည့် ကယားပြည်နယ်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှုအများဆုံးဒေသတခုဖြစ်ပြီး တိမ်းရှောင်လာသည့် တော်လှန်ရေးသမားများည်း တဖြည်းဖြည်းပိုများလာပါသည်။ ကရင်နီပြည်နယ်သည် ရှည်လျားသည့်တော်လှန်ရေးသမိုင်းရှိပြီး လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ကြီး ၂ ဖွဲ့ရှိသောကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအင်န်ဒီအက်ဖ်) ကဲ့သို့သော လူငယ်တော်လှန်ရေးသမားအဖွဲ့များ သင်တန်းဆင်းခိုလှုံရာနေရာနှင့် ပြည်နယ်ကိုထိန်းချုပ်နိုင်ရေး စစ်တပ်နှင့် တိုက်ပွဲဖော်ဆောင်ရာ ဒေသဖြစ်သောကြောင့် ထင်ရှားသည့်တော်လှန်ရေး ဒေသတခုလည်း ဖြစ်ပါသည်။ ကေအင်န်ဒီအက်ဖ်အဖွဲ့သည် ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ပီဒီအက်ဖ်တပ်ဖွဲ့များနှင့် အခြားသောအဖွဲ့ငယ်များ ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ ကေအင်န်ဒီအက်ဖ်သည် လက်နက်ကိုင်တပ်ဖွဲ့များအား ဖယ်ဒရယ်စနစ်နဲ့အညီ ဒီမိုကရေစီထိန်းချုပ်မှုအောက် ရှိစေရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးမူဝါဒ (၇) ချက်ကို လိုက်နာသည့်အဖွဲ့လည်း ဖြစ်ပါသည်။
Biography (ကိုယ်ရေးအကျဥ်း)
တာမွေ
တာမွေသည် ဝါရင့်မှတ်တမ်းဓာတ်ပုံပညာရှင်တဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးနှင့် လူမှုရေးရာ အကြောင်းအရာများကို ရိုက်ကူးလေ့ရှိသည်။ တာမွေသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးနှင့် တည်းဖြတ်ရေးတို့ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ပြီးနောက် လက်ရှိတွင် အနာလော့ဓာတ်ပုံရိုက်ကူးရေးနည်းပညာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် အာဏာသိမ်းဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို မှတ်တမ်းတင်ရိုက်ကူးလျက်ရှိသည်။ တာမွေသည် အမည်လွှဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအခြေနေများကြောင့် ကိုယ်ရေးအကျဥ်းတွင် အခြားသော ကိုယ်ရေးအချက်အလက်များကို ဖောပြထားခြင်းမရှိပါ။
ကရင်နီပြည်ရှိ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုအနီး မြန်မာစစ်တပ် ဂျက်တိုက်လေယာဥ်မှ ကျဲချထားသည့် မပေါက်ကွဲသေးသော ဗုံးတစ်လုံး။
မြန်မာစစ်တပ်က ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ ပစ်လွှတ်လိုက်သည့် မပေါက်ကွဲသေးသည့် ဒုံးကျည်တစ်ခုကို မတ်လ ၂၀၂၂ တွင် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကျေးရွာတစ်ခုရှိ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ရုံးခန်းတွင် တွေ့ရစဥ်။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာရှိ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုရားကျောင်း။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ မြန်မာစစ်တပ်၏ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ပျက်စီးသွားသော မူကြိုကျောင်းတစ်ဆောင်။ လက်နက်ကြီးကျရောက်နေစဥ် ကျောင်းအတွင်း ပုန်းခိုနေသော ၅ နှစ်သား ကလေးတစ်ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့သည်။ မြန်မာစစ်တပ်မှ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာဒေသရှိ ပြည်သူများကို ကြောက်လန့်စေရန်နှင့် သတ်ဖြတ်ရန် လက်နက်ကြီးကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်။
ကရင်နီပြည်နယ်၊ နန့်ဖဲကျေးရွာရှိ တော်လှန်ရေးအင်အားစုများထောင်ထားသည့် ယာဥ်ဖျက်မိုင်းကြောင့် ပျက်စီးသွားသော မြန်မာစစ်တပ် ထရပ်ကားတစ်စီး။ နန့်ဖဲကျေးရွာသည် ယခင်က ဒေသတွင်း ကူးသန်းရောင်းဝယ်ရေးဆုံချက်တစ်ခုဖြစ်ပြီး ခရီးသွားလာသူများ တထောက်နားခိုရာ စားသောက်ဆိုင်များဖြင့် စည်ကားလေ့ရှိခဲ့ပြီး လက်ရှိတွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများကြောင့် လူမနေတော့သော ကျေးရွာတစ်ခုဖြစ်သွားပြီး ပျက်စီးနေသော အဆောက်အအုံများသာ ကျန်ရှိတော့သည်။
မြန်မာစစ်တပ်မှ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း မခံရမီ ရွာသားများအသုံးပြုခဲ့သော မော်တော်ယာဥ်များကို သတ်ဖြတ်ခံရခြင်းနှစ်ပတ်လည်နေ့ဖြစ်သည့် ဒီဇင်ဘာ ၂၄၊ ၂၀၂၂ က ကရင်နီပြည်နယ်၊ မိုဆိုရွာတွင် တွေ့ရစဥ်။ ဒီဇင်ဘာ ၂၅၊ ၂၀၂၁ မနက်အစောပိုင်းတွင် ကရင်နီပြည်နယ်၊ မိုဆိုကျေးရွာအနီး မီးရှို့ထားသော ကား ၈ စီး နှင့် ဆိုင်ကယ် ၅ စီး ပေါ်တွင် သတ်ဖြတ်ခံထားရသောအလောင်းများကို တွေ့ခဲ့ရသည်။ ထိုဖြစ်စဥ်အား မြန်မာစစ်တပ်ပိုင်သတင်းမီဒီယာများက မိုဆိုရွာအနီးဖြတ်သွားသော ယာဥ်များအား ရပ်တန့်ခိုင်းရာတွင် မရပ်သောကြောင့် အသေဖမ်းဆီးခဲ့ရကြောင်း ဖော်ပြထားသည်။
မတ်လ၊ ၂၀၂၂ က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ လေ့ကျင့်ရေးစခန်းမှပြန်လာသော အိမ်တွင်းလုပ်အမဲလိုက်ရိုင်ဖယ်များ ကိုင်ထားသည့် ရွာသားများ ရွာအနီး ဖြတ်လျှောက်သွားစဥ်။ မြန်မာလူထုသည် နွေဦးတော်လှန်ရေးတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားတိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အများအပြားဝင်ရောက်ကြသည်။
ကရင်နီပြည်နယ် အစွန်အဖျားရှိ ကျေးရွာများတွင် ကင်းလှည့်နေသော ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ကရင်နီပြည်နယ်တွင်း လက်နက်ကိုင်တော်လှန်ရေး ဖော်ဆောင်ရန် မေလ ၃၁၊ ၂၀၂၁ တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွင် တပ်ရင်း ၂၁ ခုရှိပြီး တပ်ဖွဲ့ဝင် ၈၀၀၀ ဖြင့်ဖွဲ့စည်းထားသည်။ ကရင်နီပြည်နယ်တွင် စစ်ရေးကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကရင်နီပြည်နယ်တွင်း နေရာတစ်ခုရှိ လက်နက်စက်ရုံတွင် ရိုင်ဖယ်ထုတ်လုပ်ရေး လုပ်ကိုင်နေသော တပ်ဖွဲ့ဝင်တစ်ဦး။ မြန်မာစစ်တပ်၏ ထိုးစစ်နှင့် ထောက်ပို့ကွန်ယက်များကို တုံ့ပြန်တိုက်ခိုက်ရန် တပ်ဖွဲ့ဝင် ၂၀ ဦးကျော်သည် ကရင်နီပြည်နယ်ရှိ လက်နက်စက်ရုံတစ်ခုတွင် ရိုင်ဖယ်များနှင့် IED မိုင်းများကို ထုတ်လုပ်လျက်ရှိသည်။
ကေအင်န်ဒီအက်ဖ်မှ တပ်ဖွဲ့ဝင်များ လက်နက်သင်တန်းတက်ရောက်ရန် ဒီမော့ဆိုမြို့နယ် စခန်းတစ်ခုသို့ ချီတက်နေကြစဥ်။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ရှေ့တန်းစခန်းတစ်ခုတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအင်န်ဒီအက်ဖ်)၊ တပ်ရင်း အမှတ် (၈) မှ တပ်ဖွဲ့ဝင်များ လက်နက်ပြုပြင်ထိန်းသိမ်းရေး လုပ်နေကြစဥ်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ကရင်နီပြည်နယ်တွင်း လက်နက်ကိုင်တော်လှန်ရေး ဖော်ဆောင်ရန် မေလ ၃၁၊ ၂၀၂၁ တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွင် တပ်ရင်း ၂၁ ခုရှိပြီး တပ်ဖွဲ့ဝင် ၈၀၀၀ ဖြင့်ဖွဲ့စည်းထားသည်။ ကရင်နီပြည်နယ်တွင် စစ်ရေးကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
မတ်လ ၂၀၂၂ က ကရင်နီပြည်နယ် တောတွင်းတစ်နေရာရှိ မိုးဗြဲပြည်သူ့ကာကွယ်တပ်ဖွဲ့၏ အခြေစိုက်စခန်း။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာစစ်တပ်၏ ထိုးစစ်ကို ခုခံတုံ့ပြန်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ထားခြင်းဖြစ်သည်။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ခု၏ သုဿန်တွင် ကျဆုံးသွားသော တော်လှန်ရေးရဲဘော်တစ်ဦး၏ အုတ်ဂူကို သူ့ဓာတ်ပုံနှင့်တကွ တွေ့ရစဥ်။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ သုဿန်တစ်ခု၏ အသုဘအခမ်းအနားတွင် မိသားစုဝင်များ ဆုတောင်းဝတ်ပြုနေကြစဥ်။ ညနေခင်းတစ်ခုတွင် ရီတာသည် သူ့မောင်နှင့် ဆိုင်ကယ်ဖြင့်အပြင်ထွက်ရန် ပြင်နေကြစဥ် အနားသို့ မြန်မာစစ်တပ်မှ ပစ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။
ဒီဇင်ဘာလ ၂၃၊ ၂၀၂၂ တွင် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရွာသားများနှင့်အတူ ခရစ္စမတ်သီချင်းများ သီဆိုနေကြစဥ်။ ၂၀၁၄ ခုနှစ် မြန်မာသန်းခေါင်စာရင်းအရ ကရင်နီပြည်နယ်လူဦးရေ ထက်ဝက်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး၊ ၄၆ ရာခိုင်နှုန်းသည် ကက်သလစ်နှင့် ဘက်ပတစ် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။