ဒီ..ဒီ.. ဒီ..
ဖုန်းမြည်သံကြောင့် အိပ်ယာမှ အလူးအလဲကုန်းထလိုက်တယ်။ မှောင်မဲနေ၍ ဘာမှ မမြင်ရ။ မီးပျက် နေပါလား။ စမ်းတဝါးဝါးနှင့် ဖုန်းကို စမ်း၍ မီးဖွင့်ကြည့်လိုက်တော့ မနက် (၅) နာရီထိုးပြီ။
ဆံပင်ကို ဆံထုံးထုံးပြီး အိပ်ရာတစ်ခါတည်းသိမ်းလိုက်တယ်။ မီးဖိုချောင်ဝင်ပြီး မီးမွှေးလိုက်တယ်။ ရေနွေးအိုးတည်ထားပြီး မျက်နှာသစ်သွားတိုက်ရင်း ဒီနေ့ ရုံးဖွင့်ရက်မို့ ထမင်းဟင်း အမြန်ချက်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ ချက်ထားလိုက်တယ်။ ညစောင့်သွားနေတဲ့ သားငယ် ပြန်လာရင် အဆင်သင့်စားသောက်ဖို့ ညက ကျန်တဲ့ ထမင်းခဲလေးကို ဆီပါလေကာလေးနှင့် ကြော်လိုက်တယ်။ မိုးလင်းပဲပြုတ်သည်လာရင် ပဲပြုတ် ၁၀၀ ဖိုး ဝယ်ပြီး သားအမိနှစ်ယောက် ရေနွေးကြမ်းနှင့် မနက်စာစားရမယ်။ ထမင်းအိုးလည်း ကျက်ပြီ။ နာရီကြည့်လိုက် တော့ မနက် ၆ နာရီထိုးတော့မယ်။ ဆေးဘက် ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါ်က လူတွေလည်း နိုးကြပြီ။ ဖုန်းကို ကြည့်လိုက်တော့ ဖုန်းလိုင်းက မမိ။ သားငယ်ရဲ့ ဖုန်းအဟောင်းကို ပြန်ကိုင်ထားရတော့ ဖုန်း အစုတ်မို့ လိုင်းက မမိတစ်ချက် မိ တစ်ချက်မို့ ထုံးစံအတိုင်းပဲ ဖြစ်ပြန်ပြီ လို့ပဲ စိတ်ထဲတွေးလိုက်မိတယ်။ အဲအချိန် ဘေးအခန်းက မချစ် စျေးက ပြန်လာတာကို တွေ့လိုက်တယ်။
စျေးခြင်းကြီးနဲ့ မချစ်က
မချစ်။ ။“ဟေ့ မညိုစိန်ရေ.. တော်..သိပြီးပြီလား”
ကျွန်မ။ ။“ဟဲ့.. ဘာတုန်း.. ငါ့မယ် မီးပျက်နေလို့.. ခုထိ စျေးကို မသွားရသေးဘူး..”
မချစ်။ ။“အဲဒါဆို စျေးလဲ မသွားနဲ့တော့..တော်.. ရေ”
ကျွန်မ။ ။“ဟယ်…. ဟုတ်လား “
မချစ်။ ။“ဟုတ်ပ…ဟုတ်ပ.”
“ဖုန်းလိုင်းတွေလဲ တစ်လိုင်းမှ မရတော့ဘူးလေ…တော်.. မသိဘူးလား?”
ကျွန်မ။ ။“ငါ့ဖုန်းက အရင်ကတည်းက ရတစ်ချက် မရ တစ်ချက်မို့ ဒီအတိုင်း ဖုန်းက ဖြစ်တယ် မှတ်နေတာ”
မချစ်။ ။“စျေးထဲမှာလဲ လူတေ ပြောနေကြတယ်..အမေစုတို့ကို နေပြည်တော်မှာ ဖမ်းလိုက်ပြီတဲ့..တော့်ရေ “ တော့်…သားရော ပြန်လာပြီလား”
လမ်းပေါ်မှာလည်း အသွားအလာ မရှိကြဘူး။
ကျွန်မ။ ။“အေး…ရောက်သေးဘူးဟဲ့ …စိတ်ညစ်ပါတယ်ဟယ်…. စစ်တပ်က ဘာတွေ လုပ်ကြဦးမလဲ မသိဘူး”
မချစ်။ ။“သူတို့..မဲရှုံးတာကို မကျေနပ်လို့… အမေစုတို့က မဲခိုးတယ်ဆိုပြီး….အာဏာသိမ်းတာလို့ ပြောတယ်တဲ့” ကျုပ်လဲ စျေးထဲက ကြားခဲ့တာပဲ။ ကဲ..ကဲ..ထမင်းချက်လိုက်ဦးမယ်…တော်..ရေ့ ……ရုံးတံခါးက ကျုပ်..ဖွင့်ရမှာမို့”
ကျွန်မ။ ။“အေး.. အေး..ငါလည်း ဒီနေ့ သော့ဖွင့်ရမှာ”
“ကလင်…ကလင်…”
သား။ ။“အမေ”
ကျွန်မ။ ။“ဟော… သားငယ် ပြန်လာပြီ”
သား။ ။“အမေ့ လမ်းပေါ်မှာ လူတွေရှင်းလို့ဗျ..မနက်က အမေ့ဆီ ဖုန်းဆက်သေးတယ်…အကြော်ဝယ်ခဲ့ရမလား မေးမလို့ …ဖုန်းလိုင်းက လုံးဝမမိလို့ မဆက်ရဘူး”
ကျွန်မ။ ။“အေး ငါ့သားရေ… မချစ် ပြောတာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့”
သား။ ။ “ဗျာ!! “
“ဟုတ်ရဲ့လား အမေရယ်” “ဒီကောင်တွေ တကယ် လုပ်တာလား…ဟိုတလောက သတင်းစာ ရှင်းလင်းပွဲမှာ စစ်တပ်က အာဏာမသိမ်းဘူးလို့ မပြောနိုင်ဘူးဆိုပီး” ပြောသွားတာ။
“ငါ…မသားတွေ!”
ကျွန်မ။ ။“ငါ့သားရယ်.. အမေတော့ နားမလည်ပါဘူး။ လုပ်လုပ်… မနက်စာ စားရအောင်။ အမေ..ဒီနေ့ ရုံးသော့ဖွင့်ရမှာ ..သား..ရဲ့”
သား။ ။ “ဟုတ် ဟုတ်.. အမေ”
မနက် (၈) နာရီ ရုံးရောက်ပြီ။
မနက် (၉ )နာရီ ဝန်ထမ်းတွေ အသီးသီးရောက်လာကြပြီ။ တစ်ရုံးလုံး အာဏာသိမ်းတဲ့ အကြောင်း ဆွေးနွေးနေကြ။ ကိုယ်ကတော့ နားမလည်။
ဆရာဝန်မကြီး ရောက်လာပြီ။ ဝန်ထမ်းတွေ အကုန်စုပြီး ဘာလုပ်ကြမယ် တိုင်ပင်ကြတယ်။ တစ်ယောက်တစ်မျိုး ပြောဆို ဆွေးနွေးကြတယ်။ နောက်ဆုံးစောင့်ကြည့်ကြမယ်။ မလိူအပ်ပဲ အပြင်မထွက်ရန် စစ်သား၊ ရဲများ စုဝေးနေသော နေရာကို ရှောင်ကြရန် မှာကြား။ အဲဒီနေ့က (၁/၂/၂၀၁) တနင်းလာနေ့။
(၂/၂/၂၀၂၁) ပုံမှန်ရုံးတက်ကြ ၊ ရုံးဆင်းကြ။ လမ်းမပေါ်မှာတော့ လူတွေ ရှင်းလင်းနေတယ်။ ကျုံးဘေးကို ပိတ်လိုက်ကြပြီ။
(၃/၂/၂၀၂၁) ကမ်ပိန်းဆိုလား ဓါတ်ပုံတွေ ရိုက်ကြတယ်။ ကိုယ့်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ နားမလည် ။ ဒါပေမယ့် အရင်ခေတ်ကလို ဘဝကိုတော့ ပြန်မသွားချင်တာ အမှန်ပါ။ အမေစုခေတ်မှာ အစစအရာရာ အဆင်ပြေခဲ့ပြီလေ။အောက် ခြေဝန်ထမ်းပေမယ့် လုပ်သက်ရင့် လူကြီး မို့ အခန်းလေးလဲ ရထားတာ (၅) နှစ်သက်တမ်းပြည့်ခဲ့ပြီ။
(၅/၂/၂၀၂၁) တစ်ရုံးလုံး အလုပ်မတက်ဘဲ ဆန္ဒပြကြမည်ဟု ဆုံးဖြတ်ပြီး ရုံးကို ပိတ်ခဲလိုက်ကြတယ်။ သော့ကိုတော့ မညိုပဲ သိမ်းထားဟု ဆရာဝန်မကြီးကပြောလို့ ကိုယ်ပဲသိမ်းထားလိုက်တယ်။
ညနေ အိမ်ရောက်တော့ တစ်ခြားဌာနက ဝန်ထမ်းဖြစ်တဲ့သားကလဲ သားတို့လည်း “CDM” လုပ်ခဲ့ပြီ အမေ ဟု ပြောလာတယ်။
(၆/၂/၂၀၂၁) လမ်းမပေါ်မှာ ဆန္ဒပြလူအုပ်တွေ များလာပြီ။
တက်ကြွနေတဲ့ လူအုပ်ကြီးကြည့်ပြီး ကြက်သီးတဖြန်းဖြန်းထမိတယ်။
လမ်းလျှောက်ပြီး ဆန္ဒပြကြ။ မောတယ် ပန်းတယ်ဟု မထင်မိကြ။ ရင်ထဲ အပူက ပိုပူနေလို့ ထင်ပါတယ်။
ရုံးမတက်ရတော့ လစာလည်းမရလို့ သိလာတော့ ရင်ထဲပူလာတယ်။ ဘာနဲ့စားကြမလဲ? လခစာ ဝန်ထမ်းမို့ လစာမရရင် ဘာနဲ့ စားကြရမလဲ မသိ။ သားငယ်ကတော့ “အမေ… မပူနဲ့ … သား …ညစောင့် လစာနဲ လောက်ငှအောင် စားကြမယ်။ ခဏပါပဲ.. ဒီကောင်တွေ.. ခဏနဲ့ ပြုတ်မှာပါ “ ဆိုပီး ပြောလာတယ်။
သားငယ်ကတော့ ညဆိုင်းအလုပ်မှ ပြန်လာပြီတိုင်း ဆန္ဒပြသွားလေတယ်။ နားပါဦး ပြောတာတောင်မရ ။ လိပ်ပြာမလုံဘူး ဆိုပီး ပြောလာတယ်။
ရက်တွေကြာလာတာနဲ့အမျှ တစ်ချို့ဌာနတွေက ပြန်ဖွင့်လာကြတယ်။ တစ်ချို့သောသူတွေ အလုပ်ပြန်ဝင်လုပ်လာကြတယ်။
ဝန်ထမ်းအိမ်ယာက တာဝန်ရှိသူက အလုပ်ပြန်မဝင်ရင် ဝန်ထမ်းအိမ်ယာမှ ထွက်ခွာရန် ဖိအားပေးစပြုလာပြီ။ ဒီနေရာကထွက်ရရင် ဘယ်မှာ သွားနေရပါ့မလဲ။ တွေးရင်းပူလာရပြီ။
သားကတော့ “အိမ်ငှားနေကြမယ်“ ဆိုပီး ပြောတယ်။ “အမေစုတို့ ပြည်သူ့အစိုးရ ပြန်တက်ရင် ကိုယ့်အခန်းကို ပြန်နေကြမယ်။ ခုတော့ တခြားနေရာ သွားနေကြမယ်။ စိတ်မပူနဲ့” လို့ပြောလာတယ်.။
ကံဆိုးမိုးမှောင်ကြတဲ့ တစ်နေ့
(၁၀/၄/၂၀၂၂)
ထုံးစံအတိုင်း သားငယ် အလုပ်ပြီးလို့ ပြန်ရောက်လာပြီး ရေချိုးနေတဘ်။ အဲအချိန် အခန်းပေါက်ဝမှ “မညို..မညို..ခင်ဗျားသား အိမ်မှာရှိလား” ဆိုပြီး ဝန်ထမ်းအိမ်ယာမှူး အထဲ ဝင်လာတယ်။ အနောက်မှာ စစ်သား၊ရဲတွေ အုပ်ချုပ်ရေးမှူးတွေ ပါလာတာကို တွေ့လိုက်တယ်
“ငါတော့ အိမ်ခန်းကနေ ထွက်ပေးရတော့မယ်” ဟု စိတ်ထဲ ထင်လိုက်မိတယ်။
“ဟုတ်..ရှိပါတယ်.. ရေချိုးနေတယ်”လို့ ဖြေရင် တစ်ဆက်တည်းပဲ “သားရေ…ဧည့်သည်”ဆိုပီး အားကိုးတကြီး ခေါ်လိုက်မိတယ်။
“ဗျာ.. အမေ” ဆိုပီး အသံနှင့် အတူ သားငယ် ထွက်လာတာနဲ့ တစ်ပြိုင်နက် စစ်သား နှစ်ဦးကနေ တစ်ဖက်တစ်ချက် ဝင်ချုပ်ရင်း “ခင်ဗျားသားကို ၅၀၅ (က) နဲ့ ဖမ်းလိုက်ပြီ” ဆိုပြီး အတင်းအဓမ္မ ဆွဲခေါ်သွား။
အဲနေ့ကစပြီး အခုအချိန်ထိ ကျွန်မသားငယ်ကို အပြစ်မရှိဘဲ ဖမ်းချုပ်ထားတာ (၁) နှစ်တောင်ကျော်ခဲ့ပါပြီ။
ကျွန်မလဲ မယ်သီလရှင်ကျောင်းမှာ ခိုကပ်နေရင်း သားငယ်ကို ထောင်ဝင်စာတွေ့ဖို့ကြိုးစားရင်းနဲ့ ကျွန်မ ဘဝ အလင်းပျောက်ခဲ့ လမ်းပျောက်ခဲ့ရပါပြီ။
စစ်အာဏာရှင်ကို တော်လှန်ရင်း လမ်းခုလတ်မှာပဲ အသက်သေဆုံးသွားကြရတဲ့ သူတွေထက်စာရင် ကျွန်မသားလေးကို တွေ့ခွင့်ရနေတဲ့အတွက် ကျွန်မဘဝမှာ အဆိုးထဲက အကောင်းဟုသာ ယူဆထားရင်း ကျွန်မသားလေးအတွက် ကျွန်မ အသက်ရှင်သန်ရပါဦးမယ်။ ။