Life Story for the Special Initiative “Living the Coup: Collective Diary of Daily Life in Myanmar” by SEA Junction and Partners.
မေ့မရနိုင်မည့် ခရစ်စမတ်အကြိုည
|
|
ရေးသားသူ: | မိခင်တစ်ဦး |
ရက်စွဲ | ဇန်နဝါရီ ၊ ၂၀၂၃ |
ကျမယောကျာ်းက ကိုဗစ်နဲ့ဆုံးသွားပြီး တစ်လမပြည့်ခင်အချိန်မှာပဲ ကျမ အားအကိုးရဆုံး သားလတ်လေးလဲ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ဒေသခံအရပ်သား၃၅ ယောက်ကို အစုလိုက် အပြုံလိုက် ကားပေါ်တင်ပြီး အရှင်လတ်လတ် မီးရှို့ခံရတဲ့အထဲမှာ ပါသွားခဲ့ပါတယ်။ စစ်ပြေးရတာကတစ်ဖက်၊ သားပါသွားတယ်လို့ကြားတာနဲ့ ကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ်။ မသွားခင်တစ်ရက်က ကျမသားက ကျမကို ပြောသွားတယ် “အမေ..စစ်ရှောင်တွေအတွက် သားက ဆန်သွားပို့ပေးရမယ်”တဲ့။ “မသွားပါနဲ့လား သားရေ..အမေ အိပ်မက် မကောင်းဘူး” လို့ပြောတော့ ကျမသားက “အမေရယ်…ဖရူဆိုဘက်က ဒုက္ခသည်တွေများတယ်..သူတို့မှာ ဆန်မရှိဘူး…သားတို့ သွားမပို့ရင် သူတို့ငတ်မှာ” လို့ ပြောတော့ သွားပါစေဆိုပြီး မတားတော့ဘူး။ ကျမသားလေးက စစ်ဘေးရှောင်တွေအတွက် ဆန်အတင်အချ လုပ်ပေးဖို့ ကားနောက်လိုက် လုပ်ပါတယ်။ သူက အလုပ်မရှိရင် မနေတတ်တော့ ကားနောက်လိုက်တယ်။ ရသမျှငွေကို ကျမကို ပေးတယ်။ ဆန်ကောင်းတွေ ဝယ်ပေးတယ်။ အိမ်ပြန်လာရင် အမေနဲ့ ညီမလေး (ကျမနဲ့ သမီး) အတွက် စားသောက်စရာဟင်းတွေ ကော်ဖီတွေ အမြဲဝယ်လာတယ်။ သားသမီး အားလုံးထဲမှာ သူက မိသားစု စားဝတ်နေရေး အတွက် အားကိုးရသူပါ။
ကျမသားက ၁၉ နှစ်ပဲရှိပါသေးတယ်။ အရွယ်ကောင်းလေးပဲ ရှိပါသေးတယ်။ အရမ်းနှမြောမိပါတယ်။ “သားရေ..သား..မီးထဲပါမပါ အမေ့ကို အိပ်မက်ပေးပါ” လို့ ဆုတောင်းလိုက်တဲ့ညမှာ အိပ်မက်လာပေးပါတယ်။ အိပ်မက်ထဲမှာ “သူ့ခေါင်းမှာ အပေါက်နဲ့ တစ်ကိုယ်လုံးမည်းတူးနေတာ..ပီးတော့ ကျမကို ပြုံးပြနေတာ”။ ကျမလေ သားတကယ်ပါသွားပြီဆိုပီး သစ်ပင်အောက်မှာ တစ်ယောက်တည်း ထိုင် နေ့တိုင်းသွားသွားပီး ထိုင်ငိုတယ်။ ငိုတဲ့ အခါလဲ အခြားသားသမီးတွေ မသိအောင် ခိုးငိုရတယ်။ ကျမ ပတ်ဝန်းကျင်ကလဲ “သူတစ်ယောက်တည်း သားသမီးဆုံးရှုံးဖူးတဲ့အတိုင်းပဲ ငိုဖို့ပဲသိတယ်” ဆိုပီး မစာမနာ ပြောကြတာလဲရှိတယ်။ အဲဒါကြောင့် ကျမ သိပ်အပြင်ထွက်ပီး မလည်ဖြစ်တော့ပါဘူး။
စစ်အာဏာသိမ်းပြီးနောက်မှာ ကောင်းလာတာ ဘာတစ်ခုမှ မရှိပါဘူး။ မိသားစုဝင်တွေထဲက တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးရတယ်။ ကုန်စျေးနှုန်းတွေ အဆမတန်တက်တာကြုံရတယ်။ ထမင်းနပ်မှန်အောင်စားရဖို့ အရမ်းခက်ခဲစွာ နေထိုင်စားသောက်ရတယ်။ အသားငါးဟင်းတွေလဲ သိပ်မစားနိုင်တော့ဘူး။ ကောင်းကောင်းမွန်မွန်လဲ မနေရဘူး။ ကြောက်တဲ့စိတ်တွေနဲ့ အမြဲရှင်သန်နေရတယ်။ အားကိုးရမယ့် အစိုးရလဲ မရှိတော့ ပြည်သူက မိဘမဲ့သားသမီးများလိုပါပဲ။
အခု ကုန်စျေးနှုန်းတွေကလဲ တက်တော့ ကျမမှာ ကပေးတဲ့ဆန်ကိုပဲမျှော်စားရတယ်။ ဘာအလုပ်မှလဲ မည်မည်ရရ မရှိနေပါဘူး။ တစ်ခါတစ်လေ နေ့စားခေါ်တာရှိရင် သွားလုပ်တယ်။ ရတဲ့လုပ်အားခနဲ့ ဟင်းလေးတွေ ဝယ်စားတယ်။ အသားကတော့ နေ့တိုင်း မစားနိုင်ဘူးပေါ့နော်။ အာဏာသိမ်းပြီးနောက် ကျမမှာ သားနဲ့ယောကျာ်းကို တစ်လအတွင်းမှာ ဆုံးရှုံးခဲ့ရတယ်။
ခရစ်စမတ်ဆိုတာ ခရစ်ယာန်တွေအတွက် အပျော်ရွှင်ရဆုံး အချိန်ပါ။ ခရစ်စမတ်ကာလမှာ သားဆုံးရှုံးခဲ့ရတဲ့ ကျမအတွက် လာမည့်ခရစ်စမတ်တွေမှာ ဘယ်လိုစိတ်နဲ့ ဖြတ်သန်းရပါ့မလဲ။
စီစဉ်ပံ့ပိုးသူများ
SEA Junction
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ ကျောင်းသားများနှင့် ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် လက်ခံတွေ့ဆုံ မျှဝေပေးလျှက်ရှိပါသည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း၊ Facebook, Twitter, Instagramတို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Asia Justice and Rights (AJAR)
Asia Justic and Rights (AJAR)သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးများကို အလေးထားအားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဉပဒေမဲ့ပြစ်မှုကျူးလွန်ထားသော်လည်း တရားမဲ့ကင်းလွတ်ခွင့်ရနေသူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရေး ပါ၀င်ကူညီရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိလာစေရေး၊ တရားမျှတာမှုရရှိအောင်ဆောင်ရွက်မှု၊ ထပ်တလဲလဲကျူးလွန်ခြင်းများမှ ကာကွယ်ရန် ယဉ်ကျေးသော အသိုက်အ၀န်း တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခင်က အခြေခံလူအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ပြီး ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် နိုင်ငံများတွင် အဓိကထားလုပ် ဆောင်လျှက်ရှိသည်။ Asia Justic and Rights (AJAR) အကြောင်းပိုမို သိရှိလိုပါက https://asia-ajar.org/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။