အမည် | ပျောက်ဆုံးသွားသော အိပ်မက်
|
ရေးသားသူ | CDM ကျောင်းသူ |
ရေးသားသည့်ခုနှစ် | ၂၀၂၃ |
ကျွန်မ ဒီစာကို ရေးနေတဲ့အချိန်မှာပဲ ကျန်ရစ်ခဲ့တဲ့ ကျွန်မ မိသားစုနဲ့ အရင်ကကျွန်မရဲ့ ဘဝလေးကို သတိရ တမ်းတ လွမ်းဆွတ်နေပါတယ်။ ကျွန်မ ပတ်ဝန်းကျင်ကလူတွေကတော့ ကျွန်မရဲ့ တစ်နေ့တာကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေတယ်လို့ပဲ ထင်ကောင်း ထင်နိုင်ပါတယ်။ အမှန်တကယ်တော့ ကျွန်မမ အဲလိုမဟုတ်ပါ။ အရင်က “အိမ်လွမ်းနာ”ဆိုသည့် အဓိပ္ပါယ်ကို ကျွန်မ နားမလည်ခဲ့ပါဘူး။ အခုတော့ အဲဒီစကားလုံးဟာ ဘယ်အချိန် အိမ်ပြန်ရပြီး မိသားစုဝင်တွေနဲ့အတူ ရယ်မောပျော်ရွှင် ထမင်းလက်ဆုံစားရမယ်ဆိုတာ မသိတဲ့ ကျွန်မအတွက်တော့ အရမ်းကို ခံစားရခက်လှပါတယ်။ တစ်ခြားသော စွန့်လွှတ်အနစ်နာခံသူများရဲ့ ကြားမှာ ကျွန်မရဲ့ အိမ်လွမ်းနာကိုလဲ အရေးကြီးတဲ့အရာအဖြစ် မဖော်ပြချင်နေတော့ပါဘူး။
အာဏာမသိမ်းခင် (၂)နှစ်အလိုကို ပြန်တွေးကြည့်လိုက်တော့ ကျွန်မဟာ ကျွန်မတတ်နိုင်သမျှအရာအားလုံးကို လုပ်နေခဲ့တာပဲ။ ၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် တကယ့်ကို ကြမ္မာဆိုး ဂြိုဟ်ဆိုး ဝင်တဲ့နှစ်ဖြစ်ခဲ့ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အိပ်မက်တွေ အနာဂတ်တွေ ဖျက်ဆီးခံလိုက်ရတဲ့နှစ်ပါပဲ။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်လို့ ကြိုးစားခဲ့တဲ့ ကျွန်မအပါအဝင်ပေါ့။ ကျွန်မကတော့ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ပါ။ လူတိုင်းလျှောက်ဖို့ မလွယ်ကူတဲ့ ခရီးရှည်ကြီးကို ကျော်ဖြတ်ခဲ့တာပဲ။ ကျွန်မက ကျမလိုချင်တဲ့၊ ဖြစ်ချင်တဲ့အရာ ဖြစ်တဲ့ ဆရာဝန်ဖြစ်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။ ရှေ့ဆက်ကြုံရမယ့် အရာတွေကို ရင်ဆိုင်ဖြတ်သန်းဖို့ အဆင်သင့် ဖြစ်နေပါပီ။
ယခုကာလမှာတော့ အဲဒီအရာတွေအားလုံးဟာ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ပျက်စီးသွားခဲ့ရပါတယ်။ အာဏာသိမ်းပီး ရက်အနည်းငယ်အကြာမှာပဲ ကျွန်မတို့တက္ကသိုလ်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပီး “Civil Disobedient Moment (CDM)” မှာပါဝင်ကြောင်း ကြေညာခဲ့ပါတယ်။ ပါမောက္ခများ၊ ဆရာ/ဆရာမ များနှင့် ဝန်ထမ်းတွေတင်မက ကျွန်မတို့ကျောင်းသူ/ကျောင်းသားတွေလည်း CDM ကို စိတ်ရောကိုယ်ပါ ပါဝင်ခဲ့ကြပါတယ်။အခုလို ဦးဆောင်ပါဝင်ခြင်းတွေကြောင့် စစ်အာဏာရှင်တွေဟာ ဆရာဝန်များနှင့် ဆေးဘက်နှီးနွယ် ဝန်ထမ်းတွေကို အဓိက ပစ်မှတ်ထားလာပါတော့တယ်။ တစ်နေ့ပြီးတစ်နေ့ တော်လှန်ရေးကလည်း ပိုပြီး အားကောင်းလာပါတော့တယ်။ စစ်သားတွေကလည်း ရုန့်ရင်း ကြမ်းတမ်းမှုတွေနဲ့ အတူ ခြိမ်းခြောက်မှုတွေပါ လုပ်ခဲ့ပါတော့တယ်။ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက အစိုးရ ယန္တရား ပြန်လည် လည်ပတ်နိုင်သည်ကို ပြသဖို့ စာသင်ကျောင်း၊တက္ကသိုလ်၊ကောလိပ် အစိုးရရုံးတွေကို ဖိအားပေးလာပါတယ်။
ကျွန်မတို့လည်း CDM မှာဆက်လက်ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလဲ ကျွန်မတို့နဲ့ လျှောက်လမ်းမတူတဲ့ လူတွေလဲ ပေါ်ထွက်လာပါတယ်။ ကျွန်မတို့လည်းပဲ တက္ကသိုလ်ပြီးဆုံးပြီး ဘွဲ့ရချင်တဲ့စိတ်တော့ရှိပါတယ်။ ဒါပေမယ့် အဲဒါကလည်း အခုချိန်မှာ မှန်ကန်တဲ့ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ပြည်သူများကို လူမဆန်စွာ သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မနေချင်တာတော့ သေချာပါတယ်။ ကျွန်မကို အချို့သောသူငယ်ချင်းတွေက နောင်တမရဘူးလားလို့ မေးကြတယ်။ အမှန်အတိုင်းဖြေရမယ်ဆိုရင် ကျွန်မလည်း သူများတွေလို ကျောင်းပြီးချင်တာပေါ့။ ဒါပေမယ့် စစ်အာဏာရှင် အုပ်ချုပ်တဲ့အချိန်မှာ ကျောင်းပီးခဲ့မယ်ဆိုရင် ကျွန်မရဲ့တစ်ဘဝလုံး အရိပ်မဲကြီး လိုက်နေသလို ဖြစ်နေပါလိမ့်မယ်။ တက္ကသိုလ်ပြီးဆုံးတော့မယ့် ကျွန်မရဲ့သူငယ်ချင်းတွေကို မြင်ရရင်လည်း နာကျင်ရပြန်ပါတယ်။ ဒါပေမယ့် စကားလုံးတွေနဲ့ ဖော်ပြဖို့လဲ ရွေးချယ်စရာ စကားလုံးလဲ မရှိနေပါဘူး။ နောက်ဆုံးတော့ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ။ ကိုယ်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ။
ကျွန်မ မိဘ အတွက်လဲ စိတ်မကောင်းပါဘူး။ ကျွန်မ ကိုယ်တိုင်လဲ ခံစားချက်တွေ ရောထွေးနေပါတယ်။ အားနာစိတ်၊ မလုံခြုံမှု၊ ဆုံးရှုံးမှု၊ ခံစားချက်ကင်းမဲ့မှု၊ စိတ်ဓါတ်ကျခြင်း၊ မကောင်းတဲ့အရာကို တွေးနေခြင်း စတဲ့ ခံစားချက်တွေနဲ့အတူ အလိုမကျ စိတ်ပင်ပန်းရပါတယ်။ ဒါပေမယ့် ကျွန်မ ဒီအရာတွေကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မကံကောင်းတာ တစ်ခုက ကျွန်မလုပ်သမျှအရာတွေကို ထောက်ခံပေးနေတဲ့ မိသားစု ရှိနေတာပါပဲ။ ကျွန်မ မိဘတွေက ကျွန်မကို အတင်းဖိအားပေးပီး ကျွန်မ မလုပ်ချင်တာကို မလုပ်ဆောင်စေပါဘူး။ အထူးသဖြင့် စစ်အာဏာရှင်အောက် ဆက်လက်ပညာသင်ယူဖို့ ဖိအားမပေးခြင်းပါပဲ။ ကျွန်မအခုလို ဆုံးဖြတ်ချက်ချတာကိုလဲ မမှန်ကန်တဲ့လုပ်ရပ်လို့ မမြင်ကြပါဘူး။ ကျွန်မတို့ရဲ့ မပြီးဆုံးသေးတဲ့ တက္ကသိုလ်ပညာရေးကို ပြန်လည် မတက်ရောက်နိုင်သော်လည်း CDM ဆရာများနှင့် စီနီယာများရဲ့ အွန်လိုင်းမှ သင်ကြားပေးမှုကြောင့် ဆက်လက်ပညာသင်ကြားနိုင်ဆဲပါပဲ။ အခုလို အားစိုက်ထုတ်ပီး ကျွန်မတို့ကို ပညာသင်ကြားပေးနေတာကိုလဲ ဆရာ/ဆရာမများ၊ စီနီယာများကို အတိုင်းမသိ ကျေးဇူးတင်မိပါတယ်။
စစ်ကောင်စီဟာ ဉပဒေအထက်မှာရှိတာကြောင့်သူတို့လုပ်ချင်ရာ လုပ်လို့ရနေတယ် ဆိုတာကို ကျွန်မတို့ မြို့ပေါ်မှာနေသော်လည်းပဲ ကျွန်မတို့သိနားလည်ထားပါတယ်။ အိမ်တွေကို ဝင်ရောက်စီးနင်းတယ်။ မိသားစုဝင်တွေကို တော်လှန်ရေးအဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပီး စွပ်စွဲတယ်။ ပြည်သူတွေကို အကြောင်းပြချက်မရှိ ဖမ်းတယ်။အဖမ်းမခံချင်ရင် ပိုက်ဆံပေးရတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ထိုအကြောင်းအရာတွေက ကျွန်မတို့ မိသားစုဆီ ဖြစ်ပျက်လာခဲ့ပါတယ်။ ကျွန်မအဖေကို ဆန္ဒပြရာမှာ ပါဝင်မှုနဲ့စွပ်စွဲပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့အခါ အဖမ်းမခံရဖို့အရေး ရက်သတ္တပတ်များစွာကြာအောင် ကျွန်မတို့ တစ်အိမ်သားလုံး နေရာပြောင်းရွှေ့ခဲ့ရပါတယ်။ ကျွန်မအဒေါ် တစ်ခြားနိုင်ငံမှာ ဆေးခန်းပြဖို့ မသွားခင် တစ်ပတ်အလိုလောက်ကပေါ့။ ဒါတွေ ဖြစ်ပျက်ပြီးတဲ့နောက် ကျွန်မလည်း ကျွန်မအဒေါ်နဲ့ လိုက်သွားဖို့ စိတ်မပါတော့ပါဘူး။ ဒါပေမယ့် ကျွန်မ မိဖတွေက ကျွန်မရဲ့ လုံခြုံရေးအတွက်ပါစဉ်းစားပီး ကျွန်မကို အဒေါ်နှင့်အတူ လိုက်သွားပြီး အချိန်အတိုင်းအတာတစ်ခုအထိနေထိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုလို အဖြစ်အပျက်တွေကြားမှာ ကျွန်မမိသားစုကို ထားခဲ့ဖို့ဆိုတာ ကျွန်မအတွက်တော့ အရမ်းကို ခက်ခဲတဲ့ အချိန်ကာလတစ်ခုပါပဲ။
အချိန်ယူစဉ်းစားပြီးတဲ့နောက် ကျွန်မအဒေါ်နှင့်အတူ လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မ ဘယ်အချိန် ပြန်ရပြီး ကျွန်မချစ်ရသူတွေ၊မိသားစုတွေကို ပြန်တွေ့ရမယ်ဆိုတာ မသေချာဘဲနဲ့ ကျွန်မချစ်တဲ့ ကျွန်မနိုင်ငံကို ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်။ ကျွန်မက အိမ်လွမ်းဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ တွေးထင်ခဲ့ပေမယ့် အမှန်တကယ် ရင်ဆိုင်လာရတဲ့အခါ ကျွန်မ ခံနိုင်ရည်မရှိပါဘူး။ ကျွန်မ ကလေးငယ်တစ်ယောက်လို ငိုယိုနေမိပါတယ်။ အိမ်ကနေ ဝေးတဲ့တစ်နေရာမှာ နေဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းလှပါတယ်။ ကျွန်မကို အမြဲထောက်ခံအားပေးနေတဲ့ ကျွန်မ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရှိတယ်ဆိုတာကို စဉ်းစားပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် ပါဝင်ရာမှာ ပိုပြီး ကျန်းမာကြံခိုင်လာအောင် ကျွန်မကြိုးစားနေပါတယ်။
ကျွန်မတို့ရဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုဟာ ကြာကောင်းကြာနိုင်ပေမယ့် ကျွန်မတို့ စည်းလုံး ညီညွတ်စွာနဲ့ အားစိုက်ထုတ်မယ်ဆိုရင် ကျွန်မတို့အားလုံး အခုကြုံတွေ့နေရတဲ့ အခက်အခဲများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ မဝေးတော့တဲ့ တနေ့မှာ ကျွန်မတို့ရဲ့ တော်လှန်ရေးကြီး အောင်မြင်ပြီး ကျွန်မတို့ ချစ်တဲ့ ကျွန်မတို့နိုင်ငံကို လွတ်လပ်ပျော်ရွှင်စွာ ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။
ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ
SEA Junction
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ ကျောင်းသားများနှင့် ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် လက်ခံတွေ့ဆုံ မျှဝေပေးလျှက်ရှိပါသည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း၊ Facebook, Twitter, Instagramတို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Asia Justice and Rights (AJAR)
Asia Justic and Rights (AJAR)သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးများကို အလေးထားအားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဉပဒေမဲ့ပြစ်မှုကျူးလွန်ထားသော်လည်း တရားမဲ့ကင်းလွတ်ခွင့်ရနေသူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရေး ပါ၀င်ကူညီရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိလာစေရေး၊ တရားမျှတာမှုရရှိအောင်ဆောင်ရွက်မှု၊ ထပ်တလဲလဲကျူးလွန်ခြင်းများမှ ကာကွယ်ရန် ယဉ်ကျေးသော အသိုက်အ၀န်း တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခင်က အခြေခံလူအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ပြီး ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် နိုင်ငံများတွင် အဓိကထားလုပ် ဆောင်လျှက်ရှိသည်။ Asia Justic and Rights (AJAR) အကြောင်းပိုမို သိရှိလိုပါက https://asia-ajar.org/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။